‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အသိပညာပေးခြင်းများကို လူငယ်နှင့် ကျောင်းသား မိဘ ၇၀,၀၀၀ ကျော်အတွက် ယခုနှစ်အတွင်းပြုလုပ်သွားမည်

10 October, 2017 - Yangon

  • တယ်လီနော၏ ဝန်ထမ်းများ၊ ပြည်နယ်အလိုက် ဆက်ဆံရေး အရာရှိများနှင့် အလင်းအိမ် စွန်ဦးတီထွင် စေတနာ့ ဝန်ထမ်းများ မှနေ၍ နိုင်ငံတစ်ဝန်း၌ ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု အသိပညာပေးမှုများအား ပြုလုပ်သွားမည် ဖြစ်

တယ်လီနောမြန်မာသည် လူငယ်များနှင့် ကျောင်းသူ ကျောင်းသားများ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုတတ်စေရန်အတွက် အသိပညာပေး အစီအစဉ်များအား ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အသိပညာပေး အစီအစဉ်ဟောပြောမှုကို ယမန်နေ့က ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အလားတူ အစီအစဉ်များအား ရန်ကုန်မြို့ရှိ အစိုးရနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ၌ ယခုနှစ် လက်ကျန်ကာလများအတွင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပါသည်။

“ပိုမိုကောင်းမွန်တဲ့ အင်တာနက် အသုံးပြုရမှု ၀န်းကျင် ဖြစ်ပေါ်လာနိုင်ဖို့အတွက် အသုံးပြုသူတိုင်းအနေနဲ့တစ်စိတ်တစ်ပိုင်း ပါဝင် ပတ်သက်ကူညီကြဖို့ အရေးကြီးပါတယ်။ ဒီရည်ရွယ်ချက်ကို ကျွန်တော်တို့ရဲ့ ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အသိပညာပေး အစီအစဉ်တွေ ကနေတဆင့် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပြီး ဒီနှစ်အကုန်မှာ ကျွန်တော်တို့ အနေနဲ့ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေနဲ့ မိဘတွေ အနည်းဆုံး ၇၀,၀၀၀ ခန့်ကို အသိပညာပေးနိုင်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်”ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူကပြောကြားသည်။

တယ်လီနောသည် အလားတူ အသိပညာပေးမှု အစီအစဉ်များအား မန္တလေးမြို့ရှိ အစိုးရ စာသင်ကျောင်းများ၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ တယ်လီနောမှ အတွေ့အကြုံရှိ သင်တန်းပို့ချသူများနှင့်အတူ ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အသိပညာပေးမှုများအား ပို့ချနိုင်ရန်အတွက် သီးသန့်ရည်ရွယ် လေ့ကျင့်ပေးထားသည့် တယ်လီနောမှ ဝန်ထမ်းများသည်လည်း ရှေ့လာမည့် အသိပညာပေး အစီအစဉ်များတွင် စေတနာ့၀န်ထမ်းအဖြစ် ပါဝင်ကူညီ ပို့ချပေးသွားမည် ဖြစ်ပါသည်။

တယ်လီနော၏ ‘ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု’ အသိပညာပေး အစီအစဉ်များတွင် ပညာရေးနှင့်ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အချက်အလက်များခိုးယူခံရခြင်း၊ ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊ အင်တာနက် အခြေပြု လိင်ခေါင်းပုံဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာတိုများပေးပို့မှုများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း စသည်အွန်လိုင်းပေါ် တွင် ကြုံတွေ့နိုင်ရသော ဘေးအန္တရယ်ဖြစ်နိုင်ချေများကိုဟောပြောခြင်းများအပါအ၀င် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ မည်သို့နေထိုင်နိုင်မည်ဆိုသော အချက်အလက်များပါ၀င်သည်။

 ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် တယ်လီနောသည် ‘စဉ်းစားဆင်ခြင် စာနာချစ်ခင်’ ခေါင်းစဉ်ဖြင့် အသိပညာပေး ဗီဒီယိုဇာတ်လမ်းတွဲများအား စက်တင်ဘာလအတွင်း စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါ ဇာတ်လမ်းတွဲများကို လေ့လာကြည့်ရှုခြင်းဖြင့် အင်တာနက်ကို ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုတတ်စေရန်နှင့် အွန်လိုင်းမှတစ်ဆင့် ရရှိနိုင်သော အခွင့်အလမ်းများစွာအား ပြည့်ပြည့်ဝဝ အသုံးချနိုင်စေရန် အသိပညာ ဗဟုသုတများ ရရှိကြမည် ဖြစ်ပါသည်။ ဗီဒီယိုဇာတ်လမ်းတွဲများအား တယ်လီနောမြန်မာ၏ Facebook စာမျက်နှာနှင့် Youtube တို့တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

တယ်လီနောသည် ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ အသိပညာပေး အစီအစဉ်များအား ယမန်နှစ် ၾသဂုတ်လတွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း၌ ရန်ကုန်မြို့ရှိ အစိုးရနှင့် ပုဂ္ဂလိက အထက်တန်းကျောင်းများနှင့် မန္တလေးမြို့ရှိ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် တယ်လီနောသည် ကုမ္ပဏီရှိ ပြည်နယ်အလိုက် ဆက်ဆံရေး အရာရှိများနှင့် အလင်းအိမ် ဒစ်ဂျစ်တယ် စာတတ်မြောက်မှု အသိပညာပေး စင်တာများမှ စွန့်ဦးတီထွင်သူများ၏ အကူအညီနှင့်ကျေးလက်ဒေသများရှိ ကလေးသူငယ်များ၊ လူငယ်များနှင့် မိဘများအားလည်း ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ နှင့်ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor