မြန်မာနိုင်ငံကို ဒီဂျစ်တယ်အနာဂတ်ဆီသို့ ဦးတည်သွားရောက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် Mobile Symposium ကို ကျင်းပ

08 February, 2018 - Yangon

 မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရ အော်ပရေတာများဖြစ်ကြသည့် MPT, My Tel, အူရီဒူးမြန်မာနှင့် တယ်လီနောမြန်မာတို့ ပူးပေါင်း၍ နှစ်စဉ်ကျင်းပသည့် Myanmar Mobile Symposium ကို ဒုတိယအကြိမ်မြောက်အဖြစ် နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည်။ ယမန်နှစ်၏ အောင်မြင်မှုပေါ်တွင်မူတည်၍ မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ်အနာဂတ်ကို ဖန်တီးနိုင်ရန် မည်ကဲ့သို့ အားစိုက်ဆောင်ရွက်နိုင်မည်ဆိုကြောင်းကို ရှင်းလင်းဆွေးနွေးရန်အတွက် ရည်ရွယ်ကျင်းပခဲ့သည့် ယနေ့အခမ်းအနားသို့ အယောက် ၂၀၀ခန့် တက်ရောက်ခဲ့ကြပါသည်။ ဒုတိယအကြိမ်မြောက်ကျင်းပသည့် ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားခဲ့သူများမှ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအကြားတွင် ဒီဂျစ်တယ်စနစ်၌ ထိပ်တန်းဦးဆောင်နိုင်ငံတစ်နို်င်ငံ ဖြစ်လာစေရန်အတွက် ၎င်းတို့၏ရည်မှန်းချက်ကို သိသာထင်ရှားစွာဖြင့် အရှိန်အဟုန်မြင့် အရောက်လှမ်းရာတွင် လိုအပ်သည့် အချက်အလက်များနှင့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ နိုင်ငံတကာကုမ္ပဏီများ ဖြစ်သည့် တယ်လီနော၊ အူရီဒူး၊ KDDI/SUMITOMO နှင့် Viettel တို့မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် ကူညီအားဖြည့်သည့်အနေဖြင့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက် ကိရိယာများနှင့် ဝန်ဆောင်မှုသစ်များ အပေါ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည့်အတွက် မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပို်င်းအတွက် ထိပ်တန်းဦးဆောင် အခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။

Myanmar Mobile Symposium ၌ ဆွေးနွေးပြောကြားသူများအဖြစ် ကမ္ဘာတစ်လွှားရှိ မိုဘိုင်းအော်ပရေတာများကို ကိုယ်စားပြုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် GSMA မှ ကို်ယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာလေးခု ၊ မြန်မာနိုင်ငံတော်အစိုးရ၊ ၀ါရှင်တန် ဒီစီ တွင် အခြေစိုက်သော ကမ္ဘာ့ဘဏ်၊ အိန္ဒိယနိုင်ငံမှ Telecom Regulatory Authority၊ နည်းပညာမြင့် ဆန်းသစ်တီထွင်မှုများပြုလုပ်နေသည့် ပြည်တွင်းလုပ်ငန်းဖြစ်သည့် Phandeeyar နှင့် ကမ္ဘာ့ဝန်ဆောင်မှုရန်ပုံငွေ အပိုင်း၌ ကျွမ်းကျင်သည့် အပြည်ပြည်ဆိုင်ရာ အကြံပေး Ms. Lynne Dorwood တို့မှ ပါဝင်ဆွေးနွေးပြောကြားခဲ့ကြပါသည်။

GSMA မှ Ms. Emanuela Lecchi က ဦးဆောင်၍ ဆက်သွယ်ရေးကုမ္ပဏီလေးခုမှ အမှုဆောင်အရာရှိချုပ်များမှ စမတ်ဖုန်းခေတ်ကို ကျော်လွန်ကူးပြောင်းခြင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုဘိုင်းဝန်ဆောင်မှုများ စတင်ဆောင်ရွက်ခဲ့ပြီးနောက် မည်သည့်အရာများကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ “မြန်မာနိုင်ငံအနေနဲ့ ယခင် ဆက်သွယ်ရေးဖွံ့ဖြိုးမှုနည်းပါးရာ လူမှုဝန်းကျင်ကို four-generation မိုဘိုင်း ဆက်သွယ်ရေးခေတ်သို့ တိုက်ရိုက်ပြောင်းလဲခဲ့ခြင်းဟာ အခြားနိုင်ငံများထက် ပိုမိုမြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။” ဟု Ms. Lecchi က ပြောကြားလိုက်သည်။

ဆက်လက်၍ သူမက “ယခု ကျွန်မတို့အနေဖြင့် အနာဂတ်အတွက် နောက်ထပ်ခြေလှမ်းများစွာ ပိုပြီးလှမ်းနိုင်အောင် ကူညီပံ့ပိုးပေးလိုပါတယ်။” ဟု ပြောကြားလိုက်သည်။ ဆွေးနွေးပြောကြားသူများထဲမှ မြန်မာအစိုးရကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ မှ ဒေါက်တာဦးထွန်းသူရသက်က ဒီဂျစ်တယ်မြန်မာ လမ်းစဉ်ကို မျှဝေပေးခဲ့သည်။ Symposium တွင် အခြားသော ပါဝင်ဆွေးနွေးသူများကလည်း ဆက်သွယ်ရေးကဏ္ဍနှင့် စီးပွားရေး ဆက်လက်တိုးတက်ဖွံ့ဖြိုးရန်အတွက် မြန်မာအစိုးရနှင့် ဆက်သွယ်ရေးအော်ပရေတာများကို ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး လက်တွေ့ကျင့်သုံးလုပ်ဆောင်မှုများ၊ အဓိက စိန်ခေါ်မှုများနှင့် ဥပဒေဆိုင်ရာ ညီညွတ်မှုကို သေချာစေရန်အတွက် အလားအလာကောင်းသည့် ချဉ်းကပ်မှုပုံစံအမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ ထောက်ပြပြောဆိုဆွေးနွေးခဲ့ကြပါသည်။

ဒုတိယအကြိမ်မြောက် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲ၌ မိုဘိုင်းငွေကြေးနှင့် ပါတ်သတ်၍ ဆွေးနွေးခဲ့ကြပြီး ၄င်းဝန်ဆောင်မှုဖြင့် ဘဏ်များ (သို့မဟုတ်) ဘဏ်များ၏ ဆက်စပ်လုပ်ငန်းနှင့်အတူ ဆက်သွယ်ရေးအော်ပရေတာများမှ ၄င်းတို့၏ ၀န်ဆောင်မှုရယူထားသူများကို မိုဘိုင်းဖုန်းများမှတစ်ဆင့် ဒီဂျစ်တယ်ငွေကြေးကို ပေးပို့ရန်၊ လက်ခံရန်နှင့် စုဆောင်းထားခြင်းတို့ကို ပြုလုပ်စေနိုင်မည်ဖြစ်သည်။ Phandeeyar ၏ အမှုဆောင်အရာရှိချုပ်မှ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများကို နိုင်ငံ၏ မိုဘိုင်းလုပ်ငန်းနှင့်ပါတ်သက်၍ ဆန်းသစ်တီထွင်ဆောင်ရွက်မှုအတွက် လက်ရှိအခြေအနေကို သုံးသပ်ရှင်းလင်း ပြောကြားခဲ့သည်။

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya က“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရောက်ရှိလာဖို့အတွက် အခွင့်အလမ်းတွေကို တွေ့မြင်နေရပြီး အခုလိုအခြေအနေက ဆက်သွယ်ရေးကဏ္ဍအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးသူတွေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ပြီး ဒီလိုစည်းမျဉ်းစည်းကမ်းတွေက ရေရှည်မှာ စဉ်ဆက်မပြတ်တိုးတက်မှုရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကိုရရှိအောင် အကူအညီပေးနိုင်တဲ့ တွန်းအားတစ်ခု ဖြစ််အောင် ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ ရှင်းလင်းတဲ့ ဥပဒေဟာ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်စွမ်းပေးနိုင်သလို တိုးတက်မှုအတွက် အထောက်အပံ့ကို ပေးမှာဖြစ်ပြီး မျှတတဲ့ယှဉ်ပြိုင်မှုတွေကို ဖော်ဆောင်ရာမှာ အရေးပါလှတဲ့အပြင် နောက်ဆုံးအနေနဲ့ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှု အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ဥပဒေနဲ့အတူ အချက်အချာကျတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ပလက်ဖောင်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်းကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ်တိုးတက်နေတဲ့ ဈေးကွက်ကို မြင်တွေ့နိုင်မှာဖြစ်ပြီး မြန်မာလူမှုအဖွဲ့အစည်းတွေအားလုံးကို အကျိုးအမြတ်ကောင်းတွေ ဖော်ဆောင်ပေးစွမ်း နိုင်မှာဖြစ်ပါတယ်" ဟု MPT-KSGM Joint Operations မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Toshitake Amamiya ကပြောကြားခဲ့ပါသည်။

Telecom International Myanmar (Mytel) ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Nguyen Thanh Nam က “မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအတွက် broadband ဆက်သွယ်မှုဖြင့်အကောင်းဆုံးသော ထောက်ပံံံ့မှုများပေးနိုင်ရန် တိုးချဲ့ဆောင်ရွက်ခြင်းများ လိုအပ်နေပါသေးတယ်။ ထပ်မံပြီးတော့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာ အခြေခံအဆောက်အအုံများနှင့် ဒေသခံများ၏ ဆန်းသစ်တီထွင်မှုများအား မြှင့်တင်ခြင်းဟာဆိုရင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရာလည်းရောက်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Vikram Sinha က “ကျွန်တော်တို့ဟာ ဒီဂျစ်တယ်နိုင်ငံ ဖြစ်လာစေဖို့ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ကို ပံ့ပိုးပေးဖို့အတွက် ကတိအပြည့်အ၀ထားရှိပါတယ်။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အူရီဒူးအနေဖြင့် အဆင်မြင့်နည်းပညာကို အသုံးပြုပြီး ကွန်ရက်ချိတ်ဆက်မှုတွေ တည်ငြိမ်ကောင်းမွန်ဖို့နှင့် ဒေတာနှုန်းမြန်ဆန်ဖို့ အတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် အခြေခံအဆောက်အအုံပိုင်းမှာရင်းနှီးမြှုပ်နှံရုံမျှမက ဈေးနှုန်းသက်သာပြီး မြန်ဆန်တဲ့ ဒေတာဝန်ဆောင်မှုတွေနှင့်အတူ မြန်မာပြည်သူလူထု၏ ဘဝတွေပြည့်စုံကောင်းမွန်စေဖို့အတွက် ဆောင်ရွက် နေပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွေကနေတဆင့် သုံးစွဲသူတွေအတွက် အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုပေးအပ်နိုင်တာအပြင် ကျေးလက်ဒေသတွေနဲ့ လူထုအားလုံးကို တစ်ဦးတစ်ယောက်ချင်းစီအတွက် ထူးခြားကောင်းမွန်တဲ့ အကောင်းဆုံးအင်တာနက်ကို နှစ်ခြိုက်စွာအသုံးပြုနိုင်စေဖို့ ပံံ့ပိုးပေးနိုင်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒုတိယအကြိမ်မြောက် Mobile Symposium ၏ အောင်မြင်မှုအတွက် ဝမ်းသာပါတယ်။ အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံအတွက် အောင်မြင်တဲ့ ဒီဂျစ်တယ်အနာဂတ်ကိုပိုင်ဆိုင်နိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ နိုင်ငံတော်အစိုးရရယ် လုပ်ငန်းတူကုမ္ပဏီတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာတာတွေပေါ်မှာမူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။”ဟု ပြောကြားလိုက်ပါသည်။

“အာရှရဲ့ခေတ်အမှီဆုံး မိုဘိုင်းအခြေခံအဆောက်အအုံထဲကတစ်ခုကို တည်ဆောက်ထားပြီးတာနဲ့အတူ နိုင်ငံရဲ့ ဒီဂျစ်တယ်ဆိုင်ရာ ရည်မှန်းချက်တွေ အမှန်တကယ်အကောင်အထည်ပေါ်လာစေရေး နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိဖို့ မြန်မာနိုင်ငံအနေနဲ့ အနေအထားကောင်းတစ်ရပ် ရှိနေပြီ ဖြစ်ပါတယ်။ သင့်လျော်မှန်ကန်တဲ့ အစီအစဉ်တွေကို အကောင် အထည်ဖော်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် စီးပွားရေး သိသိသာသာဖွံ့ဖြိုးလာဖို့ အလွန်ကောင်းတဲ့ အလားအလာတစ်ရပ်လည်း ရှိနေပါပြီ။ အရည်အသွေးမြင့် ဒီဂျစ်တယ်၀န်ဆောင်မှုတွေ ဖော်ဆောင်မှုကို အရှိန်မြှင့်နိုင်ဖို့ ဒီဂျစ်တယ် အခြေခံမူဘောင်တွေ၊ အခြေခံအုတ်မြစ်၊ ဂေဟစနစ်နဲ့ ကျွမ်းကျင်မှုတို့ အခြေတည်ရာ ခိုင်မာတဲ့ ဒီဂျစ်တယ် အခြေခံ အုတ်မြစ်တစ်ခု လိုအပ်နေမှုကို တယ်လီနောက မကြာသေးခင်ကမှ ထုတ်ပြန်ထားတဲ့ “ဒီဂျစ်တယ် မြန်မာ” အစီရင်ခံစာ ထဲမှာ ရှင်းလင်းဖော်ပြထားပါတယ်။ ဆက်သွယ်ချိတ်ဆက်နေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ရရှိမဲ့ အကျိုးကျေးဇူးတွေကို အစိုးရ ရယ် စီးပွားရေးလုပ်ငန်းတွေရယ်နဲ့ မြန်မာနိုင်ငံသူ/သားတွေအားလုံး အပြည့်အ၀ရရှိကြစေရေး ကူညီပံ့ပိုးသွားဖို့ ရည်သန် ထားတာ နဲ့အညီ တယ်လီနောအနေနဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုး ရပ်တည်မှုတွေကို ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Lars Erik Tellmann က ပြောကြားလိုက်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor