နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများအတွက် စာရင်းပေးသွင်းနိုင်

13 March, 2018 - Yangon

  • ကွန်ပျုတာ အခြေခံနှင့် ဘေးကင်းသည့် အင်တာနက် အသုံးပြုမှုဆိုင်ရာ သင်တန်းများကို နိုင်ငံတဝန်းရှိ ကျောင်းသား/သူများ အား အခမဲ့ သင်ကြားပေးလျက်ရှိ
  • သင်တန်း ပထမအသုတ်တွင် ကျောင်းသား/သူပေါင်း ၆၅၀၀ ကျော်တက်ရောက်ခဲ့

 

နိုင်ငံတဝန်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ များအား ကွန်ပြူတာအခြေခံနှင့် ဘေးကင်းသည့်အင်တာနက်အသုံးပြုမှုဆိုင်ရာ သင်တန်းများ အခမဲ့ပေးအပ်လျက်ရှိသည့် နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်း၏ ဒုတိယအသုတ်ကို မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ တက်ရောက်လိုသူများ နီးစပ်ရာ KMD စင်တာများတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။
 
ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တယ်လီနောမြန်မာနှင့် KMD အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီဒစ်ဂျစ်တယ် နည်းပညာသင်တန်းများ၏ ပထမအသုတ်ကို မတ်လ ဒုတိယအပတ်က စတင် ဖွင့်လှစ် ခဲ့ပြီး ၁၄ ရက်နေ့တွင် ပြီးစီးမည်ဖြစ်ရာ နိုင်ငံတလွှား KMD စင်တာ ၁၃၃ ခုတွင် ကျောင်းသားကျောင်းသူ ဦးရေ ၆၅၀၀ ကျော်ကို သင်ကြားပေးနိုင်ခဲ့သည်။ သင်တန်း တစ်သုတ်လျှင် ၈ ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလ နွေရာသီ ကျောင်းပိတ်ရက် ၃ လတာကာလအတွင်း လေးသုတ်ဖွင့်လှစ်ရန် ရည်မှန်းထားရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၂၅,၀၀၀ ကျော်ကို ဒစ်ဂျစ်တယ်သင်တန်း ပို့ချပေးနိုင်ရန်ရည်ရွယ်ထားသည်။ ဧပြီလဆန်းက စတင်ကာ ထပ်မံဖွင့်လှစ်မည့် တတိယနှင့် စတုထ္ထ အသုတ်များတွင် တက်ရောက်လိုသူများအနေဖြင့်လည်း KMD စင်တာများတွင် ကြိုတင်မေးမြန်း စုံစမ်းထားနိုင်သည်။ 

 

အဆိုပါ နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်တွင် မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Lars Erik Tellmann နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

တယ်လီနောမြန်မာ ဖော်ဆောင်လျက်ရှိသည့် လူထုအကျိုးပြုစီမံကိန်းများအနက်တစ်ခုဖြစ်သည့် အဆိုပါ နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများကို မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု ပိုမိုကောင်းမွန်လာစေရန် နှင့် ကျေးလက်နှင့်မြို့ပြအကြား ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှုကွာဟချက်ကို လျော့ကျသွားစေရန်  ရည်ရွယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤစီမံချက်တွင် KMD နှင့်အတူ Ericsson, Irrawaddy Green Towers နှင့် Myanmar ICT for Development Organization (MIDO) တို့က တယ်လီနောမြန်မာနှင့် ပူးပေါင်းပါဝင် ထားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor