တယ်လီနော သုံးစွဲသူများ၏ လှုဒါန်းမှုအား သက်ကြီးဘိုးဘွားများအတွက် အသုံးပြု

05 April, 2017 - Yangon

  • ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာသည် တယ်လီနောသုံးစွဲသူများ ကိုယ်စား လှုဒါန်းငွေ ကျပ်သိန်း ၈၅၀ ကို ရရှိ 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)က သုံးစွဲသူများ ကိုယ်စားလှုဒါန်း ခဲ့သည့် ငွေကျပ်သိန်း ၈၅၀ ကို ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၏ သွားလာရေးနှင့်ကျန်းမာရေး တို့အတွက် စတင်အသုံးပြုနေပြီဖြစ်ပါသည်။ တယ်လီနောသည် ၎င်း၏နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သုံးစွဲသူများ ကိုယ်တိုင် ရွေးချယ်ကာ ပါဝင်လှူဒါန်းနိုင်သည့် အစီအစဉ်တစ်ခုကို ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့ကာ ငွေကျပ်သိန်း ၁၇၀၀ ကို ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာအပါအ၀င် သတ်မှတ်ထားသည့်အဖွဲ့အစည်း (၃) ခုသို့ လှုဒါန်းခဲ့ပါသည်။

ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာက လက်ခံရရှိခဲ့သည့် လှုဒါန်းငွေများအနက် ကျပ်သိန်း ၄၃၀ ကို ဘိုးဘွားများ သွားလာရာတွင် အသုံးပြုရန် လူ ၁၀-ဦး စီး မော်တော်ယာဉ်တစ်စီးကို ၀ယ်ယူခဲ့ပြီး ကျန်ငွေကို ဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရေရှည် အသုံးပြုရန် ဆေးပဒေသာပင်တွင် ထည့်၀င်ထားကြောင်း သိရှိရပါသည်။

တယ်လီနောသည် ၎င်း၏နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သုံးစွဲသူများကိုယ်တိုင်ရွေးချယ်ကာ ပါဝင်လှူဒါန်းနိုင်သည့် အစီ အစဉ်ကို စက်တင်ဘာလနှောင်းပိုင်းတွင် စတင်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် သုံးစွဲသူတစ်ဦးချင်းစီ၏ကိုယ်စား အလှူငွေ ၁၀ ကျပ်ဖြင့်၊ သုံးစွဲသူပေါင်း (၁၇) သန်းအတွက် အလှူငွေမြန်မာကျပ် သိန်း (၁၇၀၀) ကို လှူဒါန်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အဆိုပါ အလှူငွေများကို သတ်မှတ်ထားသည့်အဖွဲ့အစည်း (၃) ခုအနက်မှ တစ်ခုခုသို့ ပေးလှူနိုင်ရန်အတွက် သုံးစွဲသူများပူးပေါင်းပါဝင်ကြရန်လည်း ဖိတ်ခေါ်ခဲ့ပါသည်။ ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာမှာ အလှုငွေလက်ခံ ရရှိ ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျန်အဖွဲ့အစည်း ၂ ခုမှာ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီး ကလေးများသင်တန်းကျောင်းနှင့် Network Activities Group တို့ ဖြစ်ကြပါသည်။

 

“ကျွန်တော်တို့ရဲ့ လှူဒါန်းမှုအစီအစဉ်ဟာဆိုရင် တယ်လီနော သုံးစွဲသူများကို ကျေးဇူးတင်တဲ့အနေနဲ့ လူထုအဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ခြင်း ဖြစ်ပါတယ်။ ဆည်းဆာရိပ်အနေနဲ့ ဘိုးဘွားတွေကို စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်ဖို့ လိုတဲ့ နေရာမှာ တယ်လီနောရဲ့ လှုဒါန်းငွေတွေကို အကျိုးရှိရှိအသုံးပြုထားကြောင်း သိရလို့ ကြည်နှုး၀မ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာမှ Head of Business Sustainability ဖြစ်သူ ဦးမင်းသူက ပြောကြားသည်။

ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ တာ၀န်ခံ ဆရာမ ဒေါ်ခင်မမကလည်း “တယ်လီနော အနေနဲ့ လှူဒါန်းဖို့ အန်တီတို့ ဘိုးဘွားရိပ်သာကို ရွေးချယ်ခဲ့တဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ အန်တီတို့ဂေဟာအနေနဲ့ ရရှိခဲ့တဲ့ လှူဒါန်းငွေကို ဘိုးဘွားတွေ လာခေါ်ဖို့ ဖုန်းဆက်လာရင်သွားကြိုပေးဖို့အတွက် လိုအပ်တဲ့ ကားတစ်စီးရယ်၊ ဘိုးဘွားတို့ နေ့စဉ် ဆေးကုသ ဖို့ လိုအပ်တဲ့ ဆေး၀ါးတွေအတွက် ဆေးပဒေသာပင်ရယ်တို့မှာ အသုံးပြုထားပါတယ်။ စာတိုပေးပို့ပြီး မဲပေးခဲ့ကြသူတွေနဲ့ တယ်လီနောသုံးစွဲသူတွေ အားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားသည်။

ဆည်းဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာ


ရိပ်သာကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် ၎င်း၏ မိတ်ဆွေများ က အသက် (၇၀) ကျော် နာမကျန်းဖြစ်နေသည့် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရိပ်သာတွင် ကျန်း မာရေး ချို့တဲ့နေသည့် သက်ကြီးရွယ်အိုများ၊ အိုးအိမ်မဲ့ဖြစ်သည့်သက်ကြီးရွယ်အိုများကို နေရာထိုင်ခင်း အစား အသောက် များ ပံ့ပိုးပေးခြင်းဖြင့် ၎င်းတို့၏ ဘ၀နေ၀င်ချိန်အတွင်းရုန်းကန်နေရမှုများကို ကူညီစောင့်ရှောက်ပေးလျက် ရှိသည်။ ယခုလက်ရှိအချိန်တွင် အဘိုးအဘွား (၁၀၀) ကျော်ရိပ်သာတွင်ရှိပါသည်။ အိုးအိမ်မဲ့ဖြစ်နေသည့် သက်ကြီး ရွယ်အိုများ အရေအတွက်မှာ ပိုမိုများပြားလာသဖြင့် ရိပ်သာတွင် အမျိုးမျိုးသော အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor