တယ်လီနောမြန်မာကနည်းပညာဆိုင်ရာအလုပ်ခွင် သင်တန်းသားအစီအစဉ်ကိုပထမဆုံးအကြိမ် မိတ်ဆက်

08 May, 2017 -

  • ကွန်ပျုတာနှင့် နည်းပညာဆိုင်ရာတက္ကသိုလ်/ကောလိပ်များမှ ဘွဲ့ရရှိပြီးသူများလျှောက်ထားနိုင် 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)သည် ပြည်တွင်းမှ အရည်အချင်းရှိသောလူငယ်လူရွယ်များအနေနှင့် ပြို်င်ဆိုင်မှုပြင်းထန်သောအလုပ်ခွင်များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ရာ၌ အဆင်သင့် ဖြစ်နေစေရေးအထောက်အကူပြုရန် ရည်ရွယ်၍ပထမဆုံးအကြိမ် နည်းပညာဆိုင်ရာအလုပ်ခွင် သင်တန်းသားအစီအစဉ်ကိုစတင်လိုက်ပြီ ဖြစ်ပါသည်။အဆိုပါအစီအစဉ်အရအရည်အချင်းရှိဘွဲ့ရကာစလူငယ်များအားကုမ္ပဏီမှနေ၍ တစ်နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုမည်ဖြစ်ပြီးထူးချွန်သောသင်တန်းသူ/သားများအနေနှင့် စာချူပ်သက်တမ်းကုန်ဆုံးချိန်တွင် ကုမ္ပဏီ၌ အချိန်ပြည့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခွင့်ရရန် အခွင့်အလမ်းများမည်ဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းတဲ့ဈေးကွက်ဖော်ဆောင်မှုတွေကိုလုပ်ဆောင်ခဲ့တာအချိန်သိပ်မကြာသေးတာမို့ အထူးသဖြင့် ဆက်သွယ်ရေးလုပ်ငန်းလိုစီးပွားရေးနယ်ပယ်အသစ်တွေ အတွက် သင့်တော်တဲ့ အရည်အချင်းရှိ၀န်ထမ်းတွေကို ရှာဖွေရာမှာစိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေဆဲပါ။ဒီအစီအစဉ်ကနေပြီး မြန်မာနိုင်ငံကလုပ်ငန်းကဏ္ဍတွေ အတွက် လုပ်ငန်းခွင် ၀င်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အရည်အချင်းရှိတဲ့သူတွေကိုမွေးထုတ်ပေးခြင်းအားဖြင့် အဲဒီကွက်လပ် ကို ဖြည့်ဆည်းပေးနိုင် လိမ့်မယ်လို့ တယ်လီနောအနေနဲ့ ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကနေပြီးဘွဲ့ရကာစလူငယ်တွေအနေနဲ့ တယ်လီနောရဲ့ အတွေ့အကြုံရှိ ပြည်တွင်းနဲ့ နိုင်ငံတကာကလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူလက်ရှိလုပ်ကိုင်နေတဲ့ စီမံကိန်းတွေကိုလက်တွဲလုပ်ဆောင်နိုင်မယ့် အခွင့်အရေးကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို မြန်မာနိုင်ငံကလူငယ်လူရွယ်တွေကိုအားပေးကူညီနိုင်မယ့် အစီအစဉ်တစ်ခုကိုစတင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်မတို့အနေနဲ့ ဝမ်းသာကျေနပ်မိပါတယ်” ဟုတယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ Goldie ရွှေရည်ဝင်းလဲ့ကပြောကြားသည်။

အစီအစဉ်၏ ပထမအသုတ်အနေနှင့် တယ်လီနောသည် ဘွဲ့ရလူငယ် ၁၀ ဦးအား‘နည်းပညာဆိုင်ရာအလုပ်ခွင် သင်တန်းသားများ’ အဖြစ်လက်ခံမည် ဖြစ်ပြီးကွန်ပျူတာတက္ကသိုလ်များမှ ဘွဲ့ရလူငယ်များနှင့် နည်းပညာတက္ကသိုလ်များမှ Electrical Communication နှင့် Information Technology ဘာသာရပ်များကိုအထူးပြုသင်ကြားခဲ့သည့် ဘွဲ့ရလူငယ်များအားအဆိုပါ အစီအစဉ်မှတဆင့် ခန့်အပ်နိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် ယခုအစီအစဉ်နှင့် ကိုက်ညီသည့် ဒီပလိုမာသို့မဟုတ် အောင်လက်မှတ် ကိုင်ဆောင်ထားသည့် ဘွဲ့ရလူငယ်များလည်းလျှောက်ထားနိုင်ပါသည်။

 


ရွေးချယ်ခံရသူများသည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်မည်ဖြစ်သည့် ၁၂ လကြာသက်တမ်းရှိစာချုပ်တစ်ခုကို ချုပ်ဆို၍ တယ်လီနောနှင့် လက်တွဲအလုပ်လုပ်ကို်င်ရကြပါမည်။ တယ်လီနော၏ ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုင်သောဌာနများတွင် ၅ ဦးစီအလုပ်ခွင် သင်တန်းသားအဖြစ် လုပ်ကိုင်သွားကြရမည် ဖြစ်သည်။ သင်တန်းသားများအနေနှင့် ၎င်းတို့၏ သက်ဆိုင်ရာအလုပ်ခွင်များသို့ မဝင်ရောက်မီအလုပ်ခွင်တွင်းသိသင့်သည့် အကြောင်းအရာများအားရှင်းလင်းပြောကြားသည့် ၃ ရက်ကြာအလုပ်ခွင် မိတ်ဆက်အစီအစဉ်ကိုစတင်တက်ရောက်ကြရမည် ဖြစ်ပါသည်။

အဆိုပါအစီအစဉ်တွင်တယ်လီနောလုပ်ငန်းစုနှင့်တယ်လီနော၏အလုပ်လုပ်ကိုင်သည့်နည်းစနစ်များကိုမိတ်ဆက်ပြောကြားခြင်း၊လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်းနှင့်လုပ်ငန်းခွင်အတွင်းအချက်အလက်လုံခြုံမှုရေးရာများကိုရှင်းလင်းပြောကြားခြင်းတို့ကို ပြုလုပ်ပေးမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားပြီးအရည်အချင်းကိုက်ညီမှုရှိသည့် ဘွဲ့ရလူငယ်များအနေနှင့် လျှောက်လွှာများကိုတယ်လီနော၏ ဝက်ဘ်ဆိုက်တွင် ရယူကာပြည့်စုံစွာ ဖြည့်စွက်ထားသောလျှောက်လွှာများအားမိမိတို့၏ ကိုယ်ရေးရာဇ၀င် နှင့်အတူtechnologytrainee@telenor.com.mmသို့မေလ ၃၁ ရက်နေ့နောက်ဆုံးထားပေးပို့ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများထဲမှ ဆန်ကာတင်စာရင်းတွင် ပါဝင်သူများကိုသာလူတွေ့စစ်ဆေးရန် ဆက်သွယ်မည်ဖြစ်ပါသည်။ တယ်လီနောသည် မြန်မာလူငယ်များအားအားပေးကူညီနိုင်ရန်နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုများနှင့် လုပ်ရည်ကိုင်ရည်တို့ကိုပိုမိုအားကောင်းလာစေရေးအထောက်အကူပြုရန်အလုပ်သင်အစီအစဉ်ကိုလည်းမိတ်ဆက်ထားပြီး ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင်စတင်ခဲ့သည့် အဆိုပါ အလုပ်သင် အစီအစဉ်အရမေလမှဇူလိုင်လအထိနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိအလုပ်သင်များအားလက်ခံလျက်ရှိပြီးအစီအစဉ်တစ်ခုသည် အနည်းဆုံး ၃ လကြာမြင့်ပါသည်။သတင်းအချက်အလက်နှင့် နည်းပညာ၊ ကွန်ပျုတာသိပ္ပံ၊ ကွန်ပျုတာနည်းပညာ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာစသည့် ဘာသာရပ်များကိုအဓိကပြုထားသည့် ကျောင်းပြီးစနှင့် တက်ရောက်ဆဲကျောင်းသားကျောင်းသူများသည် တယ်လီနော၏ အလုပ်သင် အစီအစဉ်တွင် ပါ၀င်ရန် လျှောက်ထားနိုင်ကြပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

My Telenor