တယ်လီနောနံပါတ်အလှ လေလံပွဲမှ အကျိုးအမြတ်များဖြင့် ဆောက်လုပ်သည့်ကျောင်းဆောင်သစ် ဖွင့်လှစ်

20 January, 2017 - Yangon

  • ဒုတိယအကြိမ် နံပါတ်အလှ လေလံပွဲမှ ရရှိခဲ့သောအကျိုးအမြတ်များအနက် ကျပ် ၁၅၆၇ သိန်းကို မြတ်လေးရုံဘုန်းတော်ကြီးသင်စာသင်ကျောင်းအတွက် လှုဒါန်းခဲ့

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) နှင့် ၎င်း၏ နံပါတ်အလှ လေလံပွဲတွင် ပါဝင် ဆင်နွှဲခဲ့ကြသူများသည် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့်အတူကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက်ကျောင်းဆောင်အသစ်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ မြတ်လေးရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူတယ်လီနောမြန်မာမှ Chief Financial Officer ဖြစ်သူကာရိုလိုင်းယဉ်ယဉ်ဌေးလည်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထိုကျောင်းဆောင်သစ်ကိုလွန်ခဲ့သောနှစ် မတ်လက မန္တလေးမြို့တွင် ကျင်းပခဲ့သောနံပါတ်အလှ လေလံပွဲမှ ရရှိငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းလေလံပွဲတွင် နံပါတ်အလှ ၄၃ ခုမှ စုစုပေါင်းငွေကျပ် ၃၅၇၉ သိန်းရရှိခဲ့သည်။ ထိုပွဲမှ ရရှိခဲ့သောစုစုပေါင်းအမြတ်ငွေဖြစ်သည့် ငွေကျပ် ၂၂၈၉ သိန်းကို မြတ်လေးရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပဲခူးရှိသင်းခရိုင် မိဘမဲ့ဂေဟာတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ မြတ်လေးရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ငွေကျပ် ၁၅၆၇ သိန်းကိုလက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ တယ်လီနောမှ နံပါတ်အလှ လေလံပွဲများတွင် ကြမ်းခင်းဈေးထက် ပိုမိုရှိသောအမြတ်များကိုလူမှုအဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဟုကတိပြုခဲ့ပြီးလေလံပွဲမတိုင်ခင်တွင် လှူဒါန်းမည့် အဖွဲ့အစည်းများ၏ အမည်များကိုလည်း ကြိုတင် ကြေညာပြီး ဖြစ်ပါသည်။

 

“ဒီလိုကျောင်းဆောင်သစ်တွေဆောက်လုပ်နိုင်ခဲ့တဲ့ အတွက် မြတ်လေးရုံကျောင်းတိုက်အနေနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကကလေးငယ်တွေကိုပိုမိုလက်ခံလာနိုင်မှာ ဖြစ်ပြီးသူတို့တွေအတွက် အတန်းတွေကိုပိုမိုတိုးချဲ့ ဖွင့်လှစ် သင်ကြားမှုတွေ ပြုလုပ်ပေးနိုင်လာမှာ ဖြစ်တယ်လို့ ကျွန်မတို့ သိရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ဒီလိုလူမှုရေးအဖွဲ့အစည်းတွေ၊ လူ့အသိုင်းအဝန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုလိုလားလားကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တဲ့ လေလံပွဲမှာပါဝင်ခဲ့သူတွေကိုလည်းအရမ်းကိုကျေးဇူးတင်မိပါတယ်” ဟုကာရိုလိုင်းယဉ်ယဉ်ဌေးကပြောကြားသည်။

ကျောင်းဆောင်သစ်အပြင် ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု မြှင့်တင်ရေးစင်တာတစ်ခုကိုလည်း လှုဒါန်းငွေများဖြင့် ဆောက်လုပ်ခဲ့ကြောင်းသိရပါသည်။တယ်လီနောအနေနှင့် အဆိုပါ စင်တာအားပိုမိုအကျိုးရှိစွာအသုံးချနိုင်စေရေး နှင့် ကျောင်းသူကျောင်းသားများဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု ပိုမိုအားကောင်းလာစေရန်အတွက် မြတ်လေးရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းလိုသည့် ထောက်ပံ့မှုများ ပြုလုပ်သွားနိုင်ရန်လည်းနည်းလမ်းရှာဖွေသွားမည် ဖြစ်ပါသည်။

“အရင်ကရှိနှင့်ပြီးသားကျောင်းဆောင်တွေအနေနဲ့ ပိုမိုများပြားလာတဲ့ စာသင်သားအရေအတွက်ကိုကောင်းမွန်စွာသင်ကြားပေးနိုင်ဖို့အတွက် လုံလောက်တဲ့ နေရာအကျယ်အဝန်းနဲ့ အထောက်အကူပြု ပစ္စည်းတွေမရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုကျောင်းဆောင်သစ်တွေနဲ့ အထောက်အကူပြု ပစ္စည်းတွေ ရရှိတဲ့အပေါ်မှာကျွန်တော့်တို့အားလုံးအရမ်းကိုဝမ်းမြောက်မိပါတယ်။ လေလံပွဲမှာပါဝင်ခဲ့သူတွေနဲ့ တယ်လီနောကိုလည်းဒီလိုအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။” ဟုဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းထွန်းမှ ပြောကြားခဲ့သည်။ တယ်လီနောမြန်မာသည် လက်ရှိတွင် အသုံးပြုသူ ၁၉ သန်းနီးပါးအား နိုင်ငံတစ်ဝန်းရှိတာဝါတိုင် အရေအတွက် စုစုပေါင်း ၇,၂၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသည့် ဒေတာကွန်ရက်ဖြင့် ဝန်ဆောင်မှု ပေးနေသည်။

မြတ်လေးရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း


မြတ်လေးရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းအနောက်ရွာ၊ မြတ်လေးရုံအပိုင်းတွင် တည်ရှိသည်။ စုစုပေါင်းကျောင်းသားဦးရေ ၁၄၀ ရှိပြီးသာသနာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသောကျောင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် နွေရာသီစာဖတ်သင်တန်းမှ စတင်ပြီးတဖြည်းဖြည်းတိုးတက်လာခဲ့ရာမှ ယခုအခါ အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် သတ္တမတန်းအထိပါ တိုးချဲ့သင်ကြားပေးနိုင်ခဲ့သော်လည်းကျောင်းတွင် စာသင်သားများကိုအဆင်ပြေစွာပညာသင်ပေးနိုင်ရန် အတွက် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor